မဟာဆဟာရရှိ ISIS (ISIS-GS) ကို အယ်လ်ခိုင်းဒါး၏ သင်းကွဲ ဂိုဏ်းတစ်ခုဖြစ်သည့် မအယ်လ်မူရာဘီထန်းမှ ၂၀၁၅ ခုနှစ်၌ ခွဲထွက်ပြီး ISIS ထံသစ္စာခံပြီးနောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ အဓိကအားဖြင့် မာလီ၌အခြေစိုက်ထားပြီး ထိုအုပ်စုသည် မာလီနှင့် နိုင်ဂျာနယ်စပ်တွင် လှုပ်ရှားကာ ဘူရ်ကီးနားဖာဆိုတွင်လည်း လှုပ်ရှားပါသည်။ အမေရိကန် စစ်သားလေးဦးနှင့် နိုင်ဂျာစစ်သားလေးဦးတို့ သေဆုံးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၄ ရက် နိုင်ဂျာနိုင်ငံ တွန်ဂိုတွန်ဂိုဒေသရှိ အမေရိကန်နှင့် နိုင်ဂျာပူးပေါင်း လှည့်ကင်းအား တိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှု အများအပြားကို လုပ်ဆောင်ခဲ့ကြောင်း ISIS-GS မှ ပြောဆိုပါသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ISIS-GS သည် မာလီစစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၅၄ ဦးသေဆုံးခဲ့ပါသည်။
၂၀၁၈ ခုနှစ် မေလ ၂၃ ရက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ISIS-GS အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ ISIS-GS အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ISIS-GS ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား ISIS-GS နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် ISIS-GS အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့် တမင်ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။